Sunday, July 10, 2011

အာနာပါနသတိပဋ္ဌာန်တရား ( Arr Nar Par Na Thadi Patan )


အာနာပါနကျင့်စဉ်မူရင်းဟောကြားချက်နှင့် ထားရှိရမည့်သဘောထားကို သိသာစေရန် ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။
“အို..ယောဂီအပေါင်းတို့ ငါဘုရားရှင်၏ သာသနာတော်အတွင်း၌ ရှိကြကုန်သော အသင်ယောဂီအပေါင်းတို့သည် တောအရပ်သို့ကပ်၍လည်းကောင်း၊ သစ်တစ်ပင်ရင်း ၀ါးတစ်ရုံအောက်ကပ်၍သော်လည်းကောင်း၊ ဆိတ်ငြိမ်ရာအရပ်တစ်ခုခုသို့ကပ်၍သော်လည်းကောင်း ထက်ဝယ်ဖွဲ့ခွေ၍ ကိုယ်ကိုဖြောင့်မတ်စွာထား၍ (အလိုက်သင့်အောင်ထား၍) ကမ္မဋ္ဌာန်းသို့ရှေးရှု သတိကိုဖြစ်စေ၍ ထိုင်နေရမည်” (ဤကား ကမ္မဋ္ဌာန်းထိုင်ပုံ အစီအစဉ်ဖြစ်ပါသည်)
“အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်သော ယောဂီပုဂ္ဂိုလ်သည် သတိကပ်၍သာလျှင် ထွက်သက်ကို ဖြစ်စေ၏။ ထွက်သက်ကို ထုတ်၏။ သတိကပ်၍သာလျှင် ၀င်သက်ကို ဖြစ်စေ၏။ ၀င်သက်ကို ရှိုက်ရှူ၏” (ဤကား သတိမြဲရာ ပထမာ အစီအစဉ်ဖြစ်ပါသည်)
“ထွက်သက်လေကို ရှည်ရှည်ထုတ်သောယောဂီပုဂ္ဂိုလ်သည် ရှည်ရှည်ထုတ်သည်ဟု ကောင်းစွာ သိ၏။ ၀င်သက်လေကို ရှည်ရှည်ရူသောယောဂီပုဂ္ဂိုလ်သည် ရှည်ရှည်ရှုရှိုက်သည်ဟု ကောင်းစွာ သိ၏”
“ထွက်သက်လေကို တိုတိုထုတ်သောယောဂီပုဂ္ဂိုလ်သည် တိုတိုထုတ်သည်ဟု ကောင်းစွာ သိ၏။ ၀င်သက်လေကို တိုတိုရှုရှိုက်သောယောဂီပုဂ္ဂိုလ်သည် တိုတိုရှုရှိုက်သည်ဟု ကောင်းစွာ သိ၏” (ဤကား ဒုမှာ တို ရှည်သိ အစီအစဉ်ဖြစ်ပါသည်)
“အလုံးစုံသော ထွက်သက်ဝင်သက်တို့၏ အစ၊ အလယ်၊ အဆုံး သုံးပါးလုံးကို ထင်ရှားစေလျှက် (ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်လင်းစေလျှက်) ထွက်သက်လေကို ထုတ်၏။ ၀င်သက်လေကို ရှိုက်ရှု၏” (ဤကား သုံးချက်သိမှာ တတိယာ သို့မဟုတ် လုံးစုံလင်းရာ တ-၌သာ အစီအစဉ်ဖြစ်ပါသည်)
“အရှိုက်အရှုပြင်းသောကြောင့် ရုန့်ရင်းကြမ်းတမ်းသော ထွက်သက်၊ ၀င်သက်လေတို့ကို ငြိမ်းအေးစေလျှက်၊ ချုပ်ပျောက်စေလျှက် ထွက်လေကို ထုတ်မည်၊ ၀င်လေကို ရှုရှိုက်မည်ဟု ကျင့်၏” (ဤကား စ-မှာ ငြိမ်းစေဘိ အစီအစဉ်ဖြစ်ပါသည်)
“ရံခါအတွင်း၌ ထွက်လေ၀င်လေဟူသော ကာယ သို့မဟုတ် ပဋိဘာဂဖြစ်သော အဿာသပဿာသကာယကို အဖန်တလဲလဲ ရှုမှတ်ပွားများအားထုတ်ရမည်။ ရံခါအပြင်၌ (အပြင်ကို ထုတ်၍) ထွက်လေ၀င်လေဟူသော ကာယ သို့မဟုတ် ပဋိဘာဂဖြစ်သော အဿာသပဿာသကာယကို အဖန်တလဲလဲ ရှုမှတ်ပွားများအားထုတ်ရမည်။ ရံခါအတွင်းအပြင် နှစ်ဌာနလုံး၌ ထွက်လေ၀င်လေဟူသော ကာယ သို့မဟုတ် ပဋိဘာဂဖြစ်သော အဿာသပဿာသကာယကို အဖန်တလဲလဲ ရှုမှတ်ပွားများအားထုတ်ရမည်။” (ဤသည်မှာ အာနာပါနသမထလေးဆင့်လုံးကို ပေါင်း၍ဟောထားခြင်းဖြစ်ပါသည်)
“ထွက်သက်လေ၊ ၀င်သက်လေဟူသော ကာယ၌ ဖြစ်ခြင်းသဘောကို အဖန်တလဲလဲ ရှုမှတ်၍ နေရာ၏။ ထွက်သက်လေ၊ ၀င်သက်လေဟူသော ကာယ၌ ပျက်ခြင်းသဘောကို အဖန်တလဲလဲ ရှုမှတ်၍လည်း နေရာ၏။ ထွက်သက်လေ၊ ၀င်သက်လေဟူသော ကာယ၌ ဖြစ်ခြင်း၊ ပျက်ခြင်းသဘောကို အဖန်တလဲလဲ ရှုမှတ်၍လည်း နေရာ၏။” (ဤကား အာနာပါနသမထကို အဦးမူ၍ ၀ိပဿနာရှုမှတ်ပွားများရပုံ ဖြစ်ပါသည်)
“ထိုကဲ့သို့ အားထုတ်နေသော ယောဂီပုဂ္ဂိုလ်အား သတိတရား ထင်မြဲလာတော့သည်။ ထိုသတိ၏ သောတာပတ္တိမဂ်ဉာဏ်ကို ရခြင်းငှါ၊ အဆင့်ဆင့် ရင့်ကျက်ခြင်းငှါ ဖြစ်လာလျှင် ယောဂီပုဂ္ဂိုလ်သည် တဏှာ၊ ဒိဋ္ဌိနှစ်ပါးကို အမှီသဟဲပြုစရာမလိုဘဲ နေနိုင်စွမ်းရှိလာတော့သည်။ ထိုအခါ တစ်လောကလုံးတွင် သို့မဟုတ် ခန္ဓာငါးပါးဟူသော လောကတွင် `ငါ့ကိုယ်´ဟူ၍လည်းကောင်း၊ `ငါ၏ဥစ္စာ´ဟူ၍လည်းကောင်း တစ်စုံတစ်ခုကိုမျှ စွဲလမ်းခြင်းမရှိ အတ္တဒိဋ္ဌိပြုတ်လေတော့သည်” (ဤကား အာနာပါနသမထကို အဦးမူ၍ ၀ိပဿနာရှုမှတ်ပွားများ အားထုတ်သော ယောဂီပုဂ္ဂိုလ်အား မဂ်ဖိုလ်ရ၍ အရိယာဖြစ်ပုံကို ပြပါသည်။)

အထက်ပါ ဖော်ပြချက်မှာ သတိပဋ္ဌာနသုတ်တော်တွင် မြတ်စွာဘုရားရှင်ဟောကြားတော်မူသော အာနာပါနကျင့်စဉ် အစီအစဉ်ဖြစ်ပါသည်။

မြတ်စွာဘုရားရှင်သည် ကမ္မာသဓမ္မနိဂုမ်းတွင် အထက်ပါ သတိပဋ္ဌာန်တရားလေးပါးကို ဟောကြားတော်မူခဲ့သည်။ သတိပဋ္ဌာနသုတ်တွင် မြတ်စွာဘုရားရှင်က သတိပဋ္ဌာန်တရားလေးပါးတို့တွင် တစ်ပါးပါးကို ခုနှစ်ရက်အားထုတ်ရုံမျှဖြင့် အရိယာဖြစ်နိုင်ကြောင်း မိန့်ကြားတော်မူထားသည်။ ထိုစကားတော်ကို ယုံကြည်ပါသလော။ ယုံကြည်လျှင် “အာနာပါနဟာ သမထဖြစ်တယ်၊ သတိပဋ္ဌာန်မဟုတ်ဘူး၊ မဂ်ဖိုလ်ရကြောင်း မဟုတ်ဘူး၊ အာနာပါနနှင့် နိဗ္ဗာန်ရတယ်ဆိုတာ မဟုတ်ပါဘူး”ဟု ပညာရှင်အခေါ်ခံသူများကိုယ်တိုင် ပြောကြားသံကို ကြားရပါသည်။ တချို့လူများက “အာနာပါနက သာသနာပမှာ လုပ်တာ၊ ကျုပ်တို့က သတိပဋ္ဌာန်အလုပ်ကိုမှ ဘုရားအကြိုက်၊ မဂ်ဆိုက်၊ ဖိုလ်ဆိုက် လုပ်ချင်တာ”ဟု ပြောနေကြသံများကိုလည်း ကြားရသည်။
ထိုသူတို့၏ အမှန်တကယ် မသိမှုတွေကြောင့်လော မပြောတတ်။ “ပုဂ္ဂိုလ်ခင်မှ တရားမင်တယ်၊ ဆတော်ဟောမှ တရားမှန်တယ်”ဟူသော စကားအတိုင်း “ပေါ်ဦးလည်း လူတိုင်းထဲကပါပဲဘုရား”ဆိုသကဲ့သို့ ဖြစ်နေသည် ထင်ပါသည်။ အာနာပါနသည် ကာယာနုပဿနာရှုနည်း (၁၄)မျိုးအနက် တစ်ပါးအပါအ၀င်ဖြစ်သည်။ ပါသည်မှ နံပါတ် (၁)အဖြစ် ပါဝင်သည်။ မြတ်စွာဘုရှားရှင်ကိုယ်တော်တိုင် အားထုတ်ခဲ့သော တရားဖြစ်သောကြောင့် ရှေ့ဆုံးကထား၍ ဟောကြားခဲ့ခြင်း ဖြစ်ပါသည်။ သို့ဖြစ်၍ အာနာပါနကျင့်စဉ်ကို သတိပဋ္ဌာန်မဟုတ်သယောင် ပြောနေကြခြင်းသည် ဘုရားစကားတော်ကို တော်လှန်နေကြခြင်းသာ ဖြစ်သည်။ အာနာပါနသတိပဋ္ဌာန်ကို ကြိမ်ဖန်များစွာ အားထုတ်ကြိုးပမ်းခြင်းအားဖြင့် သတိပဋ္ဌာန်လေးပါးလုံးကို ပြည့်စေနိုင်ပါသည်။
ဝိသုဒ္ဓိမဂ်တွင်လည်း “အာနာပါနကမ္မဋ္ဌာန်းကို ပွားများ၍ အာနာပါနကမ္မဋ္ဌာန်းမှ ရအပ်ပြီးသော ဈာန်လေးပါးလျှင် အရင်းခံရှိသော သမထယာနိက၀ိပဿနာဖြင့် ပဋိသမ္ဘိဒါနှင့်တကွ ရဟန္တာဖြစ်လိုသော အမျိုးကောင်းသားတို့သည် အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်းအပ်၏”ဟု မိန့်ဆိုထားပါသည်။
အထက်ပါ မြတ်စွာဘုရားနှင့်အဋ္ဌကထာဆရာကြီးများ ဟောကြားထားသည့်အတိုင်း အာနာပါနကမ္မဋ္ဌာန်း၏ အရေးကြီးပုံကို သဘောပေါက်ပြီး ကြိုးစားအားထုတ်ဖို့ တိုက်တွန်းလိုက်ရပါသည်။
ထွက်လေ ၀င်လေ အာနာပါနကမ္မဋ္ဌာန်း ရှုမှတ်တတ်ရင်စူဠသောတာပန်ဆိုတာ ဟုတ်ပါသလား
ဆရာတော်ကြီး တစ်ပါးက ကိုယ်အမြဲ အသက်ရှူနေတာပဲဟာ တခြား ဘာမှတ်စရာ လိုသေး သလဲ၊ အာနာပါန ကမ္မဋ္ဌာန်း မှတ်ကြ၊ အာနာပါန သတိမိရင် စူဠသောတာပန်ပဲ၊ အပါယ်မကျတော့ဘူးဆိုတာ ဟုတ်မှန်ပါသလား ??????အင်း… ဒါက ရုပ်နာမ်တို့ ဖြစ်ပျက်မှု အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘော၌ နှီးနှောဆက်စပ်နိုင်တဲ့ သစ္စဉာဏ်ရှိပြီးသားတို့အတွက် မခက်လှပါဘူး မှန်ပါတယ်၊ အာနာပါန ကမ္မဋ္ဌာန်းဟာ အလွန်ကောင်းမြတ်ပြီး လူတိုင်းနဲ့ သင့်လျော်ပါတယ်လေ၊ ကိုယ်အမြဲအသက်ရှူနေတာပဲဟာ ရှုမှတ်ကြပေါ့
အင်း… အကျဉ်းကလေးနဲ့ နားလည်ရုံ ပြောပြမည်၊ ဉာဏ်နားနဲ့ မှတ်သားပါ၊ ဒကာကြီးတို့ရဲ့ နှာခေါင်းထဲ လေ၀င်လာတဲ့အခါ တစ်ကိုယ်လုံးမှာ ရုပ်နာမ်တွေ ဖြစ်လာတာကို ဉာဏ်နဲ့မြင်အောင် ရှုကြည့်ရတယ်၊ ၀င်ဆဲခဏမှာ ဖောင်းပွ တိုးတက်တွန်းကန်သွားကာ ဖြစ်ပေါ်လာတဲ့ ရုပ်တရားတွေနဲ့ အဲဒါကို သိမှတ်ခံစား စေ့ဆော့်နေတဲ့ နာမ်တရားတွေဟာ ထွက်သောအခါသို့ မရောက်ခင် ၀င်ဆဲခဏမှာပဲ ချုပ်ပျောက်ကုန်သော ကြောင့် အနိစ္စ အနိစ္စလို့ ဉာဏ်နဲ့မှတ်ရတယ်၊ သူ့ဉာဏ်ထဲမှာ ထင်မြင်လာတယ်။
ဒီလို တစ်ကိုယ်လုံး တစ်ကောင်လုံး ၀င်ဆဲခဏမှာ ဖြစ်ပေါ်လာတဲ့ ရုပ်နာမ်တွေဟာ ထွက်ဆဲခဏသို့ မပါဘဲ ၀င်ဆဲခဏမှာပင် ပျက်စီးချုပ်ပျောက်ကုန်သောကြောင့် တာရှည်ခံအောင် သိမ်းထားလို့မရ အနှစ်မပါ လိုရာ မကျ အစိုးမရသောကြောင့် အနတ္တ အနတ္တလို့ ဉာဏ်နဲ့ မှတ်ရတယ်၊ ထင်မြင်လာတယ်။
အဲဒီလို အနိစ္စ ဒုက္ခ အနတ္တ သဘောကို ဉာဏ်နဲ့နှလုံးသွင်း ရှုမှတ်လိုက်တဲ့အခါကျတော့ သူ့မှာ မဂ္ဂသစ္စာ ဉာဏ်တွေ ပေါ်လာတဲ့အတွက် စူဠသောတာပန်လို့ ခေါ်ရတယ်၊ ဖြစ်ပျက်အနိစ္စလက္ခဏာ ရှုပွားနေတာဟာ မဂ္ဂသစ္စာပဲ။
စူဠသောတာပန်ဟာ ရုပ်နာမ်တို့ ဒုက္ခသစ္စာကိုမြင်တယ်၊ ရုပ်နာမ်တို့ဖြစ်ကြောင်း သမုဒ္ဒယသစ္စာကိုလည်း မြင်တယ်၊ နိဗ္ဗာန်ကိုလည်း အနုမာန မျှော်မှန်းဉာဏ်နဲ့ သိတယ်၊ နိဗ္ဗာန်ရောက်ကြောင်းဖြစ်တဲ့ အနိစ္စ ဒုက္ခ အနတ္တ ဆိုတဲ့ မဂ္ဂင်ဉာဏ်မှာလည်း သူ့မှာရှိတယ်၊ အဲဒီ သစ္စာလေးပါး အသိရှိနေတဲ့ သစ္စဉာဏ်ရှိနေတဲ့သူဟာ အပါယ်မကျ ကောင်းဘူးတဲ့၊ ကဲ…ရှင်းရဲ့လား၊ အဲဒါ စူဠသောတာပန် ဖြစ်တာပဲ။
ပညာမဂ္ဂင် သစ္စဉာဏ် ရရှိသိမြင်ထားဖို့ဟာ အရေးတကြီးလိုတာ ခုမှပဲ ရှင်းတော့တယ်၊ တိုတိုတိတိနဲ့ ကျေးဇူးရှိလှပါတယ်။
http://www.dhammaweb.net/dhammadb/view.php?id=27
http://www.dhammaweb.net/dhammadb/view.php?id=26
http://www.dhammaweb.net/dhammadb/view.php?id=25

No comments: