Friday, February 6, 2009

စိတ်

စိတ်
ကျနော် စိတ်အကြောင်းလေးကို အနည်းငယ်တင်ပြချင်ပါတယ် ။ သက်ရှိသက်မဲ့လောကကြီးတစ်ခုလုံးကို စိတ်ကဦးဆောင်ပါသည် ။ စိတ်ကြောင့်ပင် ကမ္ဘာလောကကြီး ဖြစ်ရပျက်ရသည် ။ သတ္တ၀ါတို့ သန္တာန်၌ လောဘ ၊ ဒေါသ ၊ မောဟ ၊ အကုသိုလ် တရားတို့ များလာသော ကြောင့် ကမ္ဘာကြီး ပျက်စီးရသည် ။ သတ္တ၀ါတို့သန္တာန်၌ ကမ္ဘာလောကကြီး အသစ်ပြန်ဖြစ်စေလိုသော စိတ်ကြောင့်ပင် ကမ္ဘာသစ်ကြီး ပြန်ဖြစ်လာရ၏ ။

မိမိ၏ စိတ်က ငရဲ ၊ တိရစ္ဆာန် ၊ ပြိတ္တာ ဘုံတို့ကို ကြိုက်နှစ်သက်သော စိတ်ကြောင့်ပင်ငရဲ ၊ တိရစ္ဆာန် ၊ ပြိတ္တာ ဖြစ်ရ၏ ။ လူ ၊ နတ် ၊ ဗြဟ္မာ အဖြစ်ကို ကြိုက်နှစ်သက်သောစိတ်ကြောင့်ပင် လူ ၊ နတ် ၊ ဗြဟ္မာ အမျိုးမျိုး တို့ဖြစ်ရ၏ ။

ဤစကားရပ် ၌ စောဒကတက်ဖွယ် ရှိပြန်သည်မှာ ငရဲ ၊ တိရစ္ဆာန် ၊ ပြိတ္တာ ဖြစ်ချင်သော စိတ်ကား လူတိုင်းတွင်မရှိသော်လည်း အဘယ်ကြောင့် ငရဲ ၊ တိရစ္ဆာန် ၊ ပြိတ္တာဖြစ်ရပါသနည်း ဆိုသော် ငရဲ ၊ တိရစ္ဆာန် ၊ ပြိတ္တာကို ဖြစ်စေတက်သော အကုသိုလ်ကံ တို့ကို ပြုချင်စိတ် ရှိသောကြောင့်ပင် အပယ်ဘုံသို့ ရောက်စေတက်သော အကုသိုလ်ကံတို့ကို ပြုဖြစ်ကြ၏ ။ ထိုသို့ ပြုဖြစ်ခြင်းသည်ပင် ငရဲ ၊ တိရစ္ဆာန် ၊ ပြိတ္တာဘုံတို့ကို ကြိုက်နှစ်သက်သော စိတ်ဆန္ဒကြောင့် ဖြစ်ပါသည် ။ ငရဲ ၊ တိရစ္ဆာန် ၊ ပြိတ္တာဘုံတို့ကို မကြိုက်မနှစ်သက်သော သူသည် ငရဲ စသော အပယ် ဘုံသို့ ရောက်စေတက်သော အကုသိုလ်ကံတို့ကို ပြုချင်စိတ်ရှိမည် မဟုတ်ပါ ။

လောကကြီးတွင် စိတ်အမျိုးမျိုး ဆန်းကြယ်၍ လိုချင်မှု တဏှာ အမျိုးမျိုး ဆန်းကြယ်၍ လိုချင်မှု တဏှာအမျိုးမျိုး ဆန်းကြယ်လာ၏ ။ လိုချင်မှု တဏှာအမျိုးမျိုး ဆန်းကြယ်၍ ကုသိုလ် အကုသိုလ် ကံ အမျိုးမျိုးဆန်းကြယ်လာ၏ ။ ထိုကံ အမျိုးမျိုးဆန်းကြယ်၍ လူနတ်ဗြဟ္မာ ၊ ငရဲ ၊ တိရစ္ဆာန် ပြိတ္တာ သတ္တ၀ါ အမျိုးမျိုး သက်ရှိသက်မဲ့ လောကကြီး အမျိုးမျိုး အဆန်းတကြယ် ဖြစ်လာရ၏ ။ တစ်လောကလုံး ဆန်းကြယ်သမျှ စိတ်က ပြုလုပ်ခြင်းဖြစ်ပါသည် ။

ထိုကြောင့် ဘုရားရှင်က စိတ္တံ ဒန္တံ သုခါ ၀ဟံ = စိတ်ကိုကောင်းကောင်း ထိန်းသိမ်း၍ (ဆုံးမ၍) အသုံးချသွားနိုင်လျှင် ချမ်းသာမှာ မလွဲဧကန် ဖြစ်ပါ၏ ဟု ဟောကြားတော်မူခဲ့သည် ။ စိတ်ကိုထိန်းသိမ်းရန် နည်းများမှာ သီလအကျင့် အမျိုးမျိုး ၊ မေတ္တာ ဘာဝနာ စသော သမထဘာဝနာ အမျိုးမျိုး ၊ ၀ိပဿနာ ဘာဝနာ အမျိုးမျိုးတို့ကို ပွားများကျင့်ကြံသော အားဖြင့် ထိန်းသိမ်းရမည်ဖြစ်ပါသည် ။

မိမိစိတ်ကိုကောင်းကောင်းထိန်းသိမ်းနိုင်သောသူတော်ကောင်းများဖြစ်ကြပါစေဗျာ

No comments: