Friday, February 6, 2009

အဖန္ငါးရာ ၊ ငါးကမ ၻာ

အဖန္ငါးရာ ၊ ငါးကမ ၻာ
ဓမ္မဒါနပြုသည် - ဟိန်း
ယနေ့ခေတ်မှာ လူအများစု အယူမှားနေတာလေး တစ်ခုကို ရေးသားဖော်ပြချင်ပါတယ်ခင်ဗျာ ။ အဲဒါကတော့ လူတွေအများစုက မိမိကိုယ်ကိုသက်သေရင် အဖန်ငါးရာ ၊ ငါးကမ္ဘာ ခံရတယ်ဆိုတဲ့ မှားနေတဲ့ အမြင်လေးတစ်ခုပါ ။ မိမိကိုယ်ကို သတ်သေခြင်းသည် ဘ၀ငါးရာ (အဖန်ငါးရာ) ငါးကမ္ဘာခံရသည်ဆိုသော စကားကို ကျမ်းဂန်တို့တွင် ဖော်ပြထားခြင်း မရှိပါ ။ အဖန်ငါးရာ ငါးကမ္ဘာ ဆိုသောစကားသည် ဧကကနိပါတ် ၊ မတက သတ္တဇာတ်မှလာသော စကားဖြစ်ပါတယ် ။ တစ်စုံတစ်ယောက်သည် ပါဏာတိပါတကံ လွန်ကျူးခဲ့လျှင် ထိုကံကြောင့် သေသည်၏ အခြားမဲ့၌ အပါယ်ငရဲတွင် ဆင်းရဲဒုက္ခ ခံစားရ၏ ။ ငရဲမှလွတ်လာလျှင်လည်း တူသော အကျိုးပေးသည့် အနေဖြင့် တစ်ပါးသူ၏ သတ်ခြင်းကို ဘ၀ပေါင်းငါးရာတိုင်တိုင်ခံရ၏ဟုဖော်ပြထားပါသည် ။ သူတစ်ပါးအသက်ကို သတ်လျှင် ဤကဲ့သို့ အပြစ်များခံရတတ်ကြောင်း ဖော်ပြထားပြီး မိမိကိုယ်ကို သတ်၍ အဖန်ငါးရာ ငါးကမ္ဘာ ခံရကြောင်းကို ဖော်ပြထားခြင်းမရှိပါ ။

မိမိကိုယ်ကိုသတ်သေခြင်းသည် ပါဏာတိပါတကံ မထိုက်ဟု ကျမ်းဂန်တို့၌ဖော်ပြထားပါသည်။
အမှန်မှာ ပါဏာတိပါတကံ ဆိုသည်မှာ သူတစ်ပါးအသက်ကို သတ်သောကံဖြစ်သည် ။ မိမိကိုယ်ကို သတ်သည့်ကံ မဟုတ်ပါ ။ သူတစ်ပါးအသက်သတ်ခြင်းသာ ပါဏာတိပါတကံ ထိုက်ပြီးမိမိကိုယ်ကို သတ်ခြင်းသည် ပါဏာတိပါတကံ မထိုက်ပါ ။ ပါဏာတိပါတကံသည် အင်္ဂါငါးပါး ပြည့်စုံမှသာ ကမ္မပထမြောက်ပြီး အပါယ်ကျစေနိုင်၏ ။ အင်္ဂါငါးပါး အနက် တစ်ပါးပါးချို့  ယွင်းခဲ့လျှင် ကမ္မပထမမြောက်၍ အပါယ်မကျစေနိုင်ပါ ။ မိမိကိုယ်ကိုသတ်သေခြင်းသည် ပါဏာတိပါတကံ မြောက်ကြောင်းအင်္ဂါငါးပါးအနက် ပါဏသည်တာ = သတ္တ၀ါဟု အမှတ်ရှိခြင်းဆိုသည့် အင်္ဂါနှင့် မပြည့်စုံသောကြောင့် ပါဏာတိပါတကံ မထိုက်ကြောင်း ၀ိမတိဝိနောဒနီ (ပ- ၂၂၈) ၌ အတိအလင်း ဖော်ပြထားပါသည် ။ ထိုကြောင့်မိမိကိုယ်ကို သတ်သေခြင်းသည် ပါဏာတိပါတကံ မထိုက်၍ အပါယ်လည်း မကျနိုင် ၊ အဖန်ငါးရာ ငါးကမ္ဘာခံရသည် ဆိုခြင်းသည်လည်း မဟုတ်ပါဘူးခင်ဗျား ။
ဒါပေမယ့် သတိထားရမှာက အဖန်ငါးရာငါးကမ္ဘာခံရသည် ဆိုတာမဟုတ်မှန်ပေမယ့် ဒိဌိနဲ့ တဏှာကတွန်းပို့ လို့မိမိကိုယ်မိမိသေကြောင်းကြံစည် မိရင်တော့ ဧကန်ကိုအပယ်ကျပါလိမ့်မယ်ဆိုတာလေးကိုပါ ဖြည့်စွက်ပြောပါရစေ ။ မဟုတ်ရင်ကိုယ့်ကိုယ်ကိုသတ်သေရင် အပါယ်မကျဘူးဆိုတဲ့ အယူမှားသွားမှာကို စိုးရိမ်လို့ဖြည့်စွက်ပြောကြားခြင်းပါခင်ဗျား ။

No comments: